မန်ချက်စတာယူနိုက်တက် ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာစီးတီးကို ၃-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဝေဖန်မှုတွေ အောက်မှ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
ဒီပွဲမှာ မန်စီးတီး အတွက် ဂိုးတွေ ကိုတော့ ပထမပိုင်းမှာ ဖီးလ် ဖိုဒန်နဲ့ ဒုတိယပိုင်း မှာတော့ အာလင်း ဟာလန်း (၂ ဂိုး) တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ မန်ချက်စတာဒါဘီမှာ ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ဒီရာသီ အမှတ်ပေး ပွဲစဉ် ၄ ပွဲ ကစားရာမှာ ရှုံးပွဲ ၂ ပွဲ အထိ ရှိလာခဲ့ပါတယ်။ ရမှတ် ကလည်း ၄ မှတ်သာ ရရှိထားတဲ့ ယူနိုက်တက်က လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါ့အပြင် အမော်ရင် လက်ထက် မှာလည်း ယူနိုက်တက်က ပရီးမီးယားလိဂ် ရှုံးပွဲ ၁၆ ပွဲ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒီအချိန်မှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးသစ် ဘင်ဂျာမင် ဆက်စ်ကို ကလည်း ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမပြသနိုင်သေးတာကြောင့် သရဲနီ ပရိသတ်တွေရဲ့ ဒေါသတကြီး ဝေဖန်ခြင်းကို ခံနေရပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဆက်စ်ကိုကို လိုက်ပ်ဇစ် ကနေ ပြောင်းရွှေ့ကြေး ယူရို ၇၆.၅ သန်း + အပိုဆုကြေး ယူရို ၈.၅ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ဆက်စ်ကိုရဲ့ အပြောင်းအရွှေ့က မှန်းချက်နဲ့ နှမ်းထွက် မကိုက် ဖြစ်နေဆဲ ဖြစ်ပါတယ်။
ဆလိုဗေးနီးယား တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁ ဖြစ်တဲ့ အာဆင်နယ်နဲ့ ပွဲမှာ စတင် ပွဲထွက်ခွင့်ရခဲ့ပြီးတော့ ၂၅ မိနစ် ပါဝင်ကစားခဲ့ပါတယ်။ အဲဒီနောက် ဖူလ်ဟမ်နဲ့ ပွဲမှာ ၃၇ မိနစ်၊ ဘန်လေနဲ့ ပွဲမှာ ၁၈ မိနစ်၊ ဂရင်းမ်စ်ဘီတောင်းနဲ့ ပွဲမှာ မိနစ် ၉၀၊ မနေ့က မန်စီးတီးနဲ့ ပွဲမှာတော့ မိနစ် ၈၀ ဝင်ရောက် ကစားခွင့်ရထားပါတယ်။ ဆက်စ်ကိုဟာ မနေ့က ပွဲမှာ ဘောလုံး ထိချက် ၁၉ ကြိမ်၊ ဂိုးပေါက်တည့် ကန်ချက် ၁ ကြိမ်၊ ပြိုင်ဘက် ဧရိယာထဲမှာ ဘောလုံးထိချက် ၀၊ Final Third ကို ဘောလုံး ပေးပို့မှု ၃ ကြိမ်၊ မျှော်မှန်းဂိုး (xG) ၀.၀၃၊ ဘောလုံး ပြန်လိုက်ဆယ်ယူမှု ၁ ကြိမ် သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဆက်စ်ကိုက ယူနိုက်တက် အတွက် ပရီးမီးယားလိဂ်မှာ ပထမဦးဆုံး အကြိမ် အဖြစ် ပွဲထွက် လူစာရင်း ကနေ ပါခွင့်ရခဲ့တဲ့ ဒီပွဲစဉ်မှာ လုံးဝ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဆက်စ်ကိုရဲ့ ခြေစွမ်းအပေါ် ပရိသတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေခဲ့ကြတာ ဖြစ်ပါတယ်။ တချို့သော ပရိသတ်တွေ ဆိုရင် ဆက်စ်ကိုကို ခေါ်ယူခဲ့တာက ငွေဖြုန်းတီးမှု သက်သက်သာ ဖြစ်ကြောင်း၊ အန်တိုနီထက် ပိုဆိုးတဲ့ ခေါ်ယူမှု ဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။
ဒါ့အပြင် ယူနိုက်တက် အသင်းဖော်တွေဟာ ဆက်စ်ကိုရဲ့ အရည်အချင်းကို အသုံးချနိုင်ဖို့ တိုက်ရိုက် ဘောလုံးပေးပို့တဲ့ ကစားဟန်မျိုးနဲ့ မကစားပေးကြကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် နည်းပြ ဖြစ်သူ ရူဘင် အမော်ရင် ကလည်း သူ့ရဲ့ ၃-၄-၃ ကစားဟန်ကို ခေါင်းမာစွာ ဆက်လက် အသုံးပြုနေဆဲ ဖြစ်သလို လူကို ပြောင်းချင်ပြောင်းမယ်၊ ဘောလုံး ဒဿနကို မပြောင်းလဲနိုင်ကြောင်း ပြောဆိုထားလို့ ယူနိုက်တက် ပရိသတ်တွေ အတွက် ဒေါသ ပေါက်ကွဲစရာ ဖြစ်လာပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် တစ်ပတ် ပရီးမီးယားလိဂ် မှာတော့ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံ ချဲလ်ဆီးနဲ့ အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ နည်းပြ ရူဘင် အမော်ရင်ရဲ့ အနာဂတ်ကို အဆုံးဖြတ်ပေးမယ့် ပွဲစဉ် ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။ သေချာတာ ကတော့ ဆက်စ်ကို အနေနဲ့ လိုအပ်ချက်တွေ များစွာ ရှိနေသေးတာကြောင့် အမော်ရင် အနေနဲ့ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရာမှာ သူ့ရဲ့ တိုက်စစ်မှူးကို အရန်ခုံပြန်ပို့ထားမယ့် သဘော ရှိပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.