မန်ချက်စတာယူနိုက်တက် ကနေ တူရကီ ကလပ် ထရက်ဇွန်စပေါကို အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဂိုးသမား အန်ဒရေ အိုနာနာ ကတော့ အသင်းသစ်ရဲ့ ပရိသတ်တွေကို စကားလုံးလှလှလေးတွေနဲ့ ချုပ်လိုက်ပါတယ်။ အိုနာနာ ကတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ လက်စွမ်းကောင်းတွေ ပျောက်ဆုံးခဲ့ပြီးနောက် တူရကီ ကလပ်ဆီ ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။
အခုတော့ တူရကီ ကလပ် ထရက်ဇွန်စပေါက အိုနာနာကို တရားဝင် မိတ်ဆက်သွားခဲ့ပြီး ကင်မရွန်း ဂိုးသမားရဲ့ မိတ်ဆက် ဗီဒီယို ကလည်း ထူးခြားခဲ့ပါတယ်။ ဗီဒီယိုထဲမှာ အိုနာနာက မန်ချက်စတာယူနိုက်တက် Wallpaper ကနေ ထရက်ဇွန်စပေါ Wallpaper ကို ချိန်းပြခဲ့ပြီး နောက်ခံ သီချင်း ကလည်း TikTok အသုံးပြုသူတွေ ရင်းနှီးတဲ့ Bonde R300 (KondZilla) ရဲ့ ‘Oh Nanana’ သီချင်းနဲ့ ဖြစ်ပါတယ်။ နောက်ပြီး Caption မှာတော့ One tap > New Challenge ဆိုပြီး ရေးသားထားခဲ့ပါတယ်။
အိုနာနာ ကတော့ ထရက်ဇွန်စပေါကို ရောက်ရှိပြီးနောက် ပထမဦးဆုံး အင်တာဗျူးမှာ သူ့ရဲ့ ကစားသမား ဘဝ ဇာတ်လမ်းသစ် အတွက် အဆင်သင့် ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။ တူရကီ နိုင်ငံ ထရက်ဇွန်မြို လေဆိပ်ကို ရောက်ရှိချိန်မှာပဲ အိုနာနာက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အိုနာနာက “ကျွန်တော် ဒီကို ရောက်ခါစပဲ ရှိသေးတယ်။ ဒါပေမယ့် ကျွန်တော် အရမ်း ပျော်ရွှင်နေပြီလို့တောင် ပြောနိုင်ပါတယ်။ ဒါက ကျွန်တော့် အတွက် စီမံကိန်း အသစ် စွန့်စားခန်း အသစ် တစ်ခုရဲ့ အစပါပဲ။”
“ပတ်ဝန်းကျင်က လူတွေရဲ့ ချစ်ခြင်းမေတ္တာကို အခုလို ခံစား ရတာက တကယ်ကို ကြည်နူးဖို့ ကောင်းပါတယ်။ သူတို့က ပထမဦးဆုံး အခိုက်အတန့် ကတည်းက ကိုယ့်ကို အိမ်မှာ နေရသလို ခံစားရစေပါတယ်။ ကျွန်တော် အလုပ်စလုပ်ပြီး သူတို့ရဲ့ အချစ်တွေကို ပြန်ပေးချင်နေပါပြီ။ ကွင်းထဲမှာ သူတို့ကို ပျော်ရွှင်အောင် လုပ်ပေးသွားမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

အိုနာနာ အနေနဲ့ တူရကီမြေမှာ သူ့ရဲ့ လက်စွမ်းကို ပထမဦးဆုံး အစမ်းသပ်ခံရမယ့် ပွဲဦးထွက် အဖြစ် ထိပ်သီး ဖီနာဘာချီနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ ပွဲမှာတော့ ၂ဝ၂၂-၂၀၂၃ ဘောလုံး ရာသီက အင်တာမီလန်မှာ အတူတူ ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း နောက်ခံလူ မီလန် ရှက်ခရီညာ နဲ့လည်း ပြန်လည် ဆုံတွေ့ရမှာ ဖြစ်ပါတယ်။
ဆက်လက်ပြီး တူရကီမြေက စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီးတော့ အိုနာနာက “ကျွန်တော် အဆင်သင့် ဖြစ်နေပြီးလားလို့ မေးရင်။ ဟုတ်ကဲ့၊ ကျွန်တော် အမြဲတမ်း အဆင်သင့်ပါပဲ။ တကယ်တော့ ကျွန်တော်က ဒီလိုပွဲမျိုးတွေ အတွက် မွေးဖွားလာတာလို့တောင် ပြောလို့ ရတယ်။ ကစားသမားတိုင်းက ဒီလို ပွဲကြီးပွဲကောင်းတွေမှာ ပါဝင်ကစားချင်ကြတယ်လေ။ ဟုတ်တယ်။ ကျွန်တော် တို့က အရေးပါပြီး အားကောင်းတဲ့ ပြိုင်ဘက်နဲ့ ကစားရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ မှာလည်း အားသာချက်တွေ ရှိနေပါတယ်။ ဒါက ကျွန်တော်တို့ အတွက် အရေးကြီးတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာပါလိမ့်မယ်။” လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ကလပ်ရဲ့ ပရိသတ်တွေ ကတော့ အိုနာနာကို ပြန်မလာရင် အကောင်းဆုံးပဲ လို့တောင် သတ်မှတ်ထားပါတယ်။ လက်ရှိမှာ အသက် ၂၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အိုနာနာက အင်တာမီလန်မှာ လက်စွမ်းပြခဲ့တာကြောင့် ယူနိုက်တက်က ယူရို သန်း ၅၀ အထိ ပေးချေပြီး အရ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကင်မရွန်းသားက ပရီးမီးယားလိဂ်မှာ ဆိုးရွားတဲ့ ရာသီ နှစ်ခုကို ဖြတ်သန်းခဲ့ပြီး လှောင်ပြောင် ဝေဖန်မှု များစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အချက်အလက်တွေအရ ဆိုရင်လည်း အိုနာနာက ယူနိုက်တက်မှာ ပြိုင်ပွဲစုံ ၁၀၂ ပွဲသာ ကစားခဲ့ရပေမယ့် ပေးဂိုး ကတော့ ၁၅၀ အထိ ရှိခဲ့ပြီး ပေးဂိုး မရှိတဲ့ ပွဲကလည်း ၂၄ ပွဲသာ ရရှိခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.