အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ လစ်ဗာပူးလ် အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြ အာနေး ဆလော့တ် အနေနဲ့လည်း ဖိအားတွေ များလာခဲ့ပြီ ဖြစ်ပါတယ်။ ဆလော့တ်ဟာ နည်းပြ သက်တမ်း တစ်လျှောက် ပထမဦးဆုံး အကြိမ် အဖြစ် ၄ ပွဲဆက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး လစ်ဗာပူးလ် အနေနဲ့လည်း ဇယား အောက်ပိုင်းကို တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီ ဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာ ရာသီအစပိုင်း ပွဲစဉ်တွေမှာ နိုင်ပွဲတွေ ဆက်နေခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်၊ ဂါလာတာဆာရေး၊ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အာနေး ဆလော့တ် အတွက် မှတ်တမ်းဆိုး ဖြစ်ခဲ့သလို၊ လစ်ဗာပူးလ် အတွက်လည်း နည်းပြ ဘရန်ဒန် ရော်ဂျာစ် ကိုင်တွယ်ခဲ့စဉ် ၂၀၁၄ ခုနှစ်က ၄ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ၄ ပွဲဆက် အရှုံးနဲ့ ပြန်လည် ကြုံတွေ့ရခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဒီလိုမျိုး လစ်ဗာပူးလ်တို့ ရလဒ်တွေ ဆိုးရွားနေပြီးနောက် နည်းပြ အာနေး ဆလော့တ်က လက်ရှိအချိန်မှာ ရှုံးပွဲဆက်မှုကို အဆုံးသတ်ရမယ် ဆိုတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း ယူနိုက်တက်နဲ့ ပွဲအပြီးမှာ ဝန်ခံပြောကြားခဲ့ပါတယ်။ ဆလော့တ်က “ယာဂန် ကလော့ပ်ရဲ့ နေရာကို ဆက်ခံခဲ့ချိန်မှာ ရင်ဆိုင်ခဲ့ဖူးသမျှ အကြီးမားဆုံး စိန်ခေါ်မှုလို့ လူတွေက ပြောကြပါတယ်။ အခု ၄ ပွဲဆက် ရှုံးထားတာ ကလည်း စိန်ခေါ်မှု တစ်ခုပါပဲ။ ဘောလုံး နည်းပြ ဘဝက စိန်ခေါ်မှုတွေနဲ့ လျှောက်လှမ်းနေရတာပါ။ နိုင်ပွဲတွေ ရရှိရင် နိုင်ပွဲဆက်အောင် ထိန်းသိမ်းချင်သလို၊ ရှုံးပွဲတွေ ကြုံတွေ့ရင်လည်း နိုင်ပွဲ ပြန်ရချင်ကြပါတယ်။ လက်ရှိအခြေအနေ အတွက် ကစားသမားတွေ ယုံကြည်မှု ပျောက်ဆုံးနေပြီလို့လည်း မထင်ပါဘူး။ အခွင့်အရေးတွေကို အသုံးမချနိုင်လို့ ကျွန်တော်တို့ ရှုံးခဲ့တာပါ။” လို့ ပြောကြားခဲ့ပါတယ်။
တစ်ဖက် မှာလည်း လစ်ဗာပူးလ်ရဲ့ နည်းပြဟောင်း ယာဂန် ကလော့ပ် အနေနဲ့ ပရီးမီးယားလိဂ် ကလပ်ကို ပြန်လည် ကိုင်တွယ်ဖို့ သဘောတရားအရ ဖြစ်နိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ဂျာမန် လူမျိုး နည်းပြကြီး ယာဂန် ကလော့ပ်ဟာ လစ်ဗာပူးလ်ကို ၂၀၁၅ ခုနှစ် ကနေ ၂၀၂၄ ခုနှစ် အထိ ၉ နှစ်ကြာ ကိုင်တွယ်ခဲ့သူပါ။ ဒါ့အပြင် ကလော့ပ်က အသင်း အတွက် ပထမဦးဆုံး ပရီးမီးယားလိဂ် ဖလား အပါအဝင် ချန်ပီယံလိဂ် ဖလားနဲ့ ပြည်တွင်း ဆုဖလား အကုန်လုံး ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။လက်ရှိအချိန် မှာတော့ ယာဂန် ကလော့ပ်က ရက်ဘူးလ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံး အကြီးအကဲ အဖြစ် ဆောင်ရွက်နေပါတယ်။ ကလော့ပ်က Podcast အစီအစဉ် တစ်ခုမှာ လစ်ဗာပူးလ်ကို ပြန်လည် ကိုင်တွယ်နိုင်သလားလို မေးမြန်းခြင်း ခံရချိန် မှာတော့ “ကျွန်တော်က အင်္ဂလန်မှာ တခြား အသင်း တစ်သင်းကို ဘယ်တော့မှ ကိုင်တွယ်မှာ မဟုတ်ဘူးလို ပြောခဲ့ပါတယ်။ ဒီတော့ လစ်ဗာပူးလ် ဆိုရင်တော့ ပြန်ပြီး ကိုင်တွယ်နိုင်တဲ့ အဓိပ္ပာယ်ပေါ့။ ဒါက သဘောတရားအရတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိ လုပ်နေရတာကို သဘောကျပါတယ်။ ကျွန်တော် နည်းပြ အလုပ်ကို မလွမ်းဆွတ်ပါဘူး။ မိုးရေထဲ ၂ နာရီခွဲ၊ ၃ နာရီလောက် ရပ်နေရတာ ကိုလည်း မလွမ်းပါဘူး။ တစ်ပတ် ၃ ကြိမ်လောက် သတင်းစာ ရှင်းလင်းပွဲ လုပ်ရတာ၊ တစ်ပတ်ကို ၁၀ ကြိမ်၊ ၁၂ ကြိမ်လောက် အင်တာဗျူး လုပ်ရတာ ကိုလည်း မလွမ်းပါဘူး။ ဒီနေ့ ဆုံးဖြတ်ရမယ် ဆိုရင်တော့ ကျွန်တော် နည်းပြ ပြန်မလုပ်တော့ပါဘူး။ ဒါပေမယ့် အဲဒီလို ဆုံးဖြတ်စရာ မလိုတဲ့ အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ဘာဖြစ်မလဲ ဆိုတာ စောင့်ကြည့်ရုံပဲ ကျွန်တော် တတ်နိုင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.