ဖလော်ရီယန် ဝစ်ဇ် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် အသင်းထံ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျာမန် ကွင်းလယ် တိုက်စစ် ကစားသမားက လက်ရှိအချိန်ထိ လစ်ဗာပူးလ် အတွက် လောက်လောက်လားလား ခြေစွမ်းမပြနိုင်သေးတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါဟာ သူ့ရဲ့ ကစားသမား ဘဝမှာ အရင်က မကြုံဖူးတဲ့ အရာ ဖြစ်ကြောင်း ဝစ်ဇ်က ဝန်ခံခဲ့ပါတယ်။
လစ်ဗာပူးလ်ဟာ ဝစ်ဇ်ကို လေဗာကူဆင် ကနေ ပေါင် ၁၁၆ သန်းနဲ့ ခေါ်ယူခဲ့ပြီးတော့ ဗြိတိန် ဘောလုံး သမိုင်းတလျှောက် ဈေးအကြီးဆုံး ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် လစ်ဗာပူးလ်က အလက်ဇန္တား အိဆက်ခ်ကို ပေါင် ၁၂၅ သန်း ပေးချေကာ ခေါ်ယူခဲ့ပြီး ဝစ်ဇ်ရဲ့ အပြောင်းအရွှေ့ စံချိန်ကို ထပ်မံ ချိုးဖျက်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဖရန့်ဖတ် ကနေ ပြောင်းရွှေ့လာတဲ့ ဟူဂို အစ်ကီတီကီက လက်ရှိမှာ ပရီးမီးယားလိဂ်နဲ့ လျင်မြန်စွာ အသားကျနေတာကြောင့် ဝစ်ဇ် အနေနဲ့ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ခက်ခဲနေပါတယ်။ အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ ကွန်မြူနတီဒိုင်းမှာ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ဂိုးမသွင်းရသေးပါဘူး။ ဒါ့အပြင် နောက်ဆုံး ကစားခဲ့တဲ့ အဲဗာတန်နဲ့ မာဆေးဆိုက်ဒ်ဒါဘီပွဲမှာလည်း လူစားဝင် ကစားသမား အဖြစ်သာ ပွဲထွက်ခွင့် ရခဲ့ပြီး ဆောက်သမ်တန်နဲ့ ခရာဘောင်ဖလား လူစာရင်း မှာတော့ လုံးဝ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

လက်ရှိမှာ ရုန်းကန်နေရတဲ့ အခြေအနေနဲ့ ပတ်သတ်လို့ ဝစ်ဇ်က Sky Sport Germany နဲ့ အင်တာဗျူးမှာ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ဟုတ်ပါတယ်။ အမှန်တိုင်း ပြောရရင် ကျွန်တော် ဂိုး တစ်ဂိုးတော့ သွင်းချင်ပါတယ်။ ဒါပေမယ့် ဘယ်သူတွေ ဘာပြောပြော၊ ကျွန်တော် အေးဆေးပါပဲ။ ကျွန်တော် ဘာတွေ စွမ်းဆောင်နိုင်သလဲ ဆိုတာ ကျွန်တော်ကိုယ် ကျွန်တော် သိပါတယ်။ တစ်ချိန်ချိန်မှာ ကွင်းထဲကို ဘာတွေ အမှန်တကယ် ယူဆောင်လာနိုင်မလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့် ကျွန်တော် အခု အေးဆေးပါပဲ။”
“အချိန်ပေးပါ။ အချိန်ပေးပါ။ ဆိုတာတွေကို ကျွန်တော် မကြားချင်ပါဘူး။ အဲဒီအစား အရင်ကထက် ပိုကောင်းအောင် ကြိုးစားတယ်။ တစ်ခါတလေမှာ ကျွန်တော့်တို့ အတွက် အဆင်မပြေနိုင်တဲ့ အဆင့်တွေ ရှိတတ်တယ်၊ ဒါမျိုး ကျွန်တော်ရဲ့ အသက်မွေးဝမ်းကြောင်း တလျှောက် တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒါတွေကို ကျွန်တော် ကျော်ဖြတ်နိုင်မှာပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ဆိုးဆိုးရွားရွား ကစားနေတာ မဟုတ်ဘူးလေ။ ကျွန်တော် သွင်းဂိုးနဲ့ ဖန်တီးမှုတွေ မလုပ်နိုင်သေးပါဘူး။ ဒါပေမယ့် အဲ့ဒါတွေ ဖြစ်လာတော့မှာပါ။ အရာအားလုံး အဆင်ပြေပါလိမ့်မယ်။” လို့ ဝစ်ဇ်က ပြောကြားသွားခဲ့ပါတယ်။
ဖလော်ရီယန် ဝစ်ဇ်ဟာ ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း လေဗာကူဆင်မှာ အစွမ်းကုန် တောက်ပခဲ့သူ ဖြစ်ပါတယ်။ ဝစ်ဇ်ဟာ လေဗာကူဆင်တို့ ရှုံးပွဲ မရှိ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်ခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ ၄၉ ပွဲ ကစားရာမှာ ၁၈ ဂိုးသွင်းကာ၊ ၁၉ ဂိုး ဖန်တီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာလည်း ဂျာမန်သားက ၄၅ ပွဲ ကစားပြီး ၁၆ ဂိုး သွင်းကာ ၁၄ ဂိုး ဖန်တီးနိုင်ခဲ့ပေမယ့် လစ်ဗာပူးလ်ကို အရောက်မှာတော့ ၇ ပွဲ ကစားပြီးချိန် အထိ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ရှိထားပြီး ရုန်းကန်နေရတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ လာမယ့် စနေနေ့မှာတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ပဲလေ့စ်ကို ကွန်မြူနတီဒိုင်းမှာ အရေးနိမ့်ထားခဲ့တာကြောင့် ရှုံးကြွေး ပြန်ဆပ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်သလို ဝစ်ဇ် အနေနဲ့ ပွဲထွက်ခွင့်ရပြီး ခြေစွမ်းပြနိုင်မလား ဆိုတာလည်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.