လစ်ဗာပူးလ် ကတော့ အခုတစ်ပတ် ချန်ပီယံလိဂ် ပွဲစဉ်မှာ ဖရန့်ဖတ်ကို အဝေးကွင်းမှာ ၁-၅ ရလဒ်နဲ့ အနိုင်ရပြီး ရလဒ်ဆိုးတွေ အောက်ကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ ကြိုးကြာနီ တို့ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့်မှုကို ရပ်တန့်နိုင်ခဲ့ပေမယ့်လည်း အဲဒီ ပွဲမှာ သူတို့ ဈေးကြီးပေး ခေါ်ယူထားရတဲ့ တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ဒဏ်ရာရသွားခဲ့လို့ နစ်နာမှုတော့ ရှိခဲ့ပါတယ်။
အသက် ၂၆ နှစ် အရွယ် ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး အိဆက်ခ်ဟာ ဒီနှစ် နွေရာသီမှာ နယူးကာဆယ် ကနေ လစ်ဗာပူးလ်ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အိဆက်ခ်က လစ်ဗာပူးလ်ကို ရောက်ရှိချိန်ကတည်းက ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာတွေ ရင်ဆိုင်နေရပါတယ်။ အိဆက်ခ်က ပရီးမီးယားလိဂ်မှာ ၄ ပွဲ၊ ခရာဘောင်ဖလားမှာ ၁ ပွဲ၊ ချန်ပီယံလိဂ်မှာ ၃ ပွဲ ကစားခွင့်ရထားပေမယ့် ခရာဘောင်ဖလား ပွဲစဉ်မှာ တစ်ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ အိဆက်ခ်ဟာ လစ်ဗာပူးလ်မှာ စုစုပေါင်း မိနစ် ၄၀၀ ကျော်သာ ကစားထားနိုင်ပြီး Rating အရလည်း ၆.၄ ဝန်းကျင်သာ ရရှိထားပါတယ်။
ဒါ့အပြင် အိဆက်ခ်ဟာ ဖရန့်ဖတ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာလည်း ဒဏ်ရာကြောင့် ပထမပိုင်း အပြီးမှာပဲ လူစားလဲခံခဲ့ရပြီး ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့ခြင်းလည်း မရှိပါဘူး။ နည်းပြ ဖြစ်သူ အာနေး ဆလော့တ် ကတော့ အိဆက်ခ်ရဲ့ ပေါင်ခြံ ဒဏ်ရာကို မပြင်းထန်စေဖို့ မျှော်လင့်ကြောင်း အခုလိုပဲ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဆလော့တ်က “အဲလက်စ်က ပွဲတစ်ဝက်မှာပဲ ထွက်သွားရတယ်။ ဒါက သူတောင်းဆိုတာ မဟုတ်ပါဘူး။ သူက ပေါင်ခြံမှာ ခံစားနေရတယ်။ ဒါကြောင့် အရမ်း မဆိုးစေဖို့ပဲ မျှော်လင့်ရမှာပါ။ အဲဒီလောက် ဆိုးစရာ မလိုဘူးလို့လည်း ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ရက်သတ္တပတ် တချို့ မကစားနိုင်ဘူး ဆိုရင် သူ့ကို ပြန်ပြီး ချန်လှပ်ထားရဦးမှာပါ။ ဒါကို ဘယ်လိုပြောရမလဲ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူရှိနေတဲ့ အချိန် မှာလည်း အသင်းက ဟန်ချက်ညီဖို့ ခက်ခဲခဲ့ပါတယ်။ သူရောက်လာချိန်မှာ ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့ရတယ်။”

“ခင်ဗျားက ကစားသမားတွေကို တစ်ပတ်မှာ တစ်ပွဲ ကစားဖို့တော့ ပြင်ဆင်ပေးနိုင်ရပါမယ်။ ဒါပေမယ့် လစ်ဗာပူးလ်မှာ ဆိုရင်တော့ ၃ ရက် ၁ ပွဲ၊ ၈ ရက်မှာ ၃ ပွဲ ကစားရတာက ပုံမှန်ပါပဲ။ အဲဒါအတွက် ပြင်ဆင်ဖို့ ကြိုးစားရမှာ ဖြစ်ပြီး ရာသီကြိုကာလ မရှိခဲ့ဘူး ဆိုရင် ဒါက အမြဲတမ်း မလွယ်ကူပါဘူး။ သူက ရာသီကြိုကာလကို လွဲချော်ခဲ့ပြီး အသင်း နဲ့လည်း အချိန်အကြာကြီး လေ့ကျင့်မှု မလုပ်နိုင်ခဲ့ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
တချို့ကလည်း အိဆက်ခ်ဟာ လစ်ဗာပူးလ် အတွက် မှားယွင်းတဲ့ ခေါ်ယူမှု ဖြစ်ကြောင်း ဝေဖန် သုံးသပ်နေကြပြီး ကလပ် နှစ်ခုနဲ့ ကစားသမားရဲ့ အကြား အကျိုးမရှိတဲ့ သုံးပွင့်ဆိုင် အပြောင်းအရွှေ့ ဖြစ်ခဲ့တယ်လို့ပါ ဆိုနေကြပါတယ်။ လစ်ဗာပူးလ်မှာ အိဆက်ခ် တစ်ဦးတည်း ခြေစွမ်း မပြနိုင်သေးတာတော့ မဟုတ်ပါဘူး။ အိဆက်ခ် လိုပဲ ဒီနွေရာသီမှာ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂျာမန် တိုက်စစ် ကစားသမား ဖလော်ရီယန် ဝစ်ဇ် ကလည်း အခုချိန်ထိ လစ်ဗာပူးလ် အတွက် သွင်းဂိုး လုံးဝ မရသေးပဲ ဖန်တီးမှု ၃ ကြိမ်သာ ပြုလုပ်ထားနိုင်ပါသေးတယ်။ ဝစ်ဇ်ဟာ ပရီးမီးယားလိဂ်မှာ ဆိုရင် ၅၁၄ မိနစ်သာ ကစားထားသလို သွင်းဂိုး ၀၊ ဂိုးဖန်တီးမှု ၀ ဖြစ်နေတာကြောင့် သူလည်းပဲ အပြင်းအထန် ဝေဖန်ခံနေရပါတယ်။
ဒီထက် ထပ်ပြောရရင်တော့ ဒီနွေရာသီ လစ်ဗာပူးလ်ရဲ့ ခေါ်ယူမှုတွေက အခုအချိန်ထိ အလုပ်မဖြစ်သေးဘူးလို့ ပြောလို့ ရပြီး ကစားသမားသစ်တွေ အနေနဲ့ အသင်းနဲ့ အသားကျဖို့ အချိန်ယူဖို့ လိုအပ်နေသေးပုံပါပဲ။ ဒါ့အပြင် အသင်း အတွက် အားထားရတဲ့ တောင်ပံ တိုက်စစ် ကစားသမားကြီး မိုဟာမက် ဆာလာ ကလည်း ခြေစွမ်းကျဆင်းလာချိန်၊ ခံစစ်ပိုင်း ယို့ယွင်းမှု ပြဿနာတွေက နည်းပြ အာနေး ဆလော့တ် အဓိက ဖြေရှင်းရမယ့် ကိစ္စတွေ အဖြစ်တော့ ရှိနေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.
 
					 
										 
										 
										 
										 
										 
										 
			 
							 
							 
							 
							 
									 
				 
		

